အညတရရုပ်ပုံလွှာများ- မြသန်းတင့်

 အညတရရုပ်ပုံလွှာများ - မြသန်းတင့်


"ကျွန်တောိ့ အင်တာဗျူးတွေဟာ ကျွန်တော်တို့နိုင်ငံက သာမန်လူတွေရဲ့ ဘဝတွေ၊ အတန်းအစား အသီးသီးက သူတွေရဲ့ ဘဝအကြောင်း မြန်မာ စာဖတ်ပရိသတ်တွေ သိစေချင်လို့ပါ။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းကြီးက အပိတ်ကြီး။ တစ်ယောက်အကြောင်း တစ်ယောက် သေချာ နားမလည်ကြဘူး။"


"ကျွန်တော်ရေးတာ ပြင်ပကမ္ဘာက သူတွေအတွက် မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက သူတွေအတွက်ပါ"


ဆရာမြဟာ အမေရိကန်အဖွဲ့အစည်းတွေအကြောင်းရေးထားတဲ့ Studs Terkel ရဲ့ စာအုပ်တွေကို ဖတ်မိပြီး ဒီစာအုပ်ကိုရေးဖို့ အကြံရသွားတာလို့ အမှာစာမှာဖော်ပြထားတယ်။ 


တကယ်ပဲ ဆရာရေးခဲ့တဲ့ အင်တာဗျူးတွေထဲက လူတွေရဲ့ ဘဝတွေဟာ အခုကာလထိ ထင်ဟပ်နေတုန်းပဲ။ စာအုပ်ထဲမှာ မြို့ကြီးကလူတွေအကြောင်းလဲပါတယ်၊ မြို့သေးသေးလေးက လူတွေအကြောင်းလဲပါတယ်။ ဟိုး ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဘက်က တိုင်းရင်းသားတွေအကြောင်းလဲပါတာပဲ။  စပယ်ယာအကြောင်းလဲ ပါသလို လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ဝင်သွားတဲ့ ဆရာလေးအကြောင်းလဲပါတယ်။ ပြဇာတ်ကတဲ့ ယိမ်းသမအကြောင်းကနေ မိုင်းတွင်းထဲက အလုပ်သမားအကြောင်းထိ စိတ်ဝင်စားဖို့ကောင်းတာချည်းပဲ။ ဒီစာအုပ်ထဲမှာ ဘဝတွေစုံသလို လူတွေလည်း စုံတယ်။ အလုပ်တွေလည်း စုံတယ်။ တစ်ချို့ကတော့ လောကဓံတရားအောက်မှာ ကြံ့ကြံ့ခံပြီး ရှင်သန်သွားကြတယ်၊ တစ်ချို့က ကျဆုံးကြတယ်။ 


အများစုကတော့ အာဏာရှင်စနစ်ရဲ့ အောက်မှာ ဘဝတစ်ခုကို ထူထောင်ဖို့အတွက် အလူးအလဲခံရရှာတယ်။ ဒါကိုတောင် ကိုယ့်ဘဝပေးကုသိုလ်ပဲလို့ထင်နေရှာတဲ့အထိ ဘဝတွေဟာ သနားစရာကောင်းတယ်။ ကျနော်တို့လည်း သနားစရာကောင်းတယ်။ 


လူတစ်ယောက်ချင်းစီရဲ့ ဘဝဇာတ်ကြောင်း အစုံအလင်ကို စာမျက်နှာ ၁၀မျက်နှာခန့် နဲ့ ရှင်းရှင်းလင်းလင်းနဲ့ ပြည့်ပြည့်စုံစုံရေးနိုင်တဲ့ ဆရာမြရဲ့ ကလောင်စွမ်းကြောင့် ဒီစာအုပ်ဟာ ပိုလို့တောင် အရောင်အသွေးလှနေတယ်၊ ဒါ့အပြင် စာတစ်ပုဒ်ချင်းစီကို နာမည်ပေးတဲ့ အခါမှာလည်း လှပပြီး အံဝင်ခွင်ကျတဲ့ နာမည်တွေဖြစ်တယ်။ တိုးမြစ် စာအုပ်တိုက်ရဲ့ ဖောင့်နဲ့ စာအုပ်သားကလည်း သေသပ်ပြီး စိတ်တိုင်းကျစရာ သိပ်ကောင်းပါတယ်။ 


အမှန်တော့ ကျနော်ဒီ စာအုပ်ကိုအဆုံးထိမဖတ်ရသေးပါဘူး။ ဒါပေမယ့် စာအုပ်ကို သိပ်ညွှန်းချင်နေတဲ့အတွက် ရေးလိုက်ရခြင်းသာဖြစ်ပါတယ်။ ကိုယ့်ဘဝဟာ မရေမရာဖြစ်နေတိုင်း၊ မနက်ဖြန်တိုင်းကို စဉ်းစားကြည့်လို့မရတိုင်း ကျနော်ဒီစာအုပ်ကို ကောက်ကိုင်ဖြစ်တယ်၊ ကိုယ်လို လူတော်တော်များများကို စာအုပ်ထဲတွေ့နိုင်လို့လေ၊ ဒါပေမယ့် သူတို့က ပြီးမြောက်သွားခြင်း မှာပိုသာတယ်။ သူတို့ ဇာတ်ကြောင်းတွေက တစ်ပုဒ်ပြီးတိုင်း ပြီးဆုံးသွားတယ်၊ ကျနော်တို့ ဇာတ်လမ်းတွေက မပြီးသေးဘူး။ သူတို့ဇာတ်လမ်းတွေဆီက ခွန်အားတွေရတယ်၊ မနက်ဖြန်အတွက် ရှေ့ဆက်ဖို့ပေါ့။ 


ခေတ်တေး

၁၃.၀၈.၂၀၂၁

Comments

Popular posts from this blog

စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း)

ကြောင်တွေမရှိတဲ့ကမ္ဘာ

ကြောင်တေလေရဲ့ခရီးသွားမှတ်တမ်း