စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း)
"အင်းစိန်ထောင် နံရံလေးဘက်ကြားမှ လွတ်မြောက်လာခဲ့သော ကျွန်မသည် ထိုထောင်ထက် ပိုကျယ်သော နောက်ထောင်ကြီးတစ်ခုထဲသို့ ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်ရပြန်ပါတော့သည်။"
ဒီစာအုပ်ကို ၂၀၁၇ မှာတစ်ကြိမ်၊ ၂၀၂၁ မှာတစ်ကြိမ် ဖတ်ဖြစ်ခဲ့ပါတယ်၊ ကိုယ့်အနေနဲ့ စာအုပ်အထူကြီးတွေကိုနှစ်ခါဖတ်ဖြစ်တာဆိုလို့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ခိုင် ရယ်၊ ဒီစာအုပ်ရယ်ပဲရှိတယ်၊ ဒါတောင် ခိုင့် တုန်းက ဒီစာအုပ်လို ပိုက်စိပ်တိုက်ပြန်ဖတ်ဖြစ်ခဲ့တာမဟုတ်ပါ၊ ပြောချင်တာက ဆရာမ မသီတာရဲ့ စာအုပ်ထဲမှာ လေ့လာစရာတွေ အများကြီးရှိနေတယ်၊ သိစရာတွေ၊ ကြည့်စရာတွေ၊ မြင်စရာတွေ အများကြီးရှိနေတာကြောင့် အခါခါပြန်ဖတ်ရင်တောင် တန်နေဦးမယ့် စာအုပ်တစ်အုပ်ပါပဲ။
စာအုပ်မစခင် အမှာစာမှာထဲက "ငါဒီစာအုပ် ဝယ်တာဖြင့် တန်ပြီ" လို့ စိတ်ထဲဖြစ်စေခဲ့တာပါ။ စာရေးဆရာ သုံးဦးအမှာစာရေးပေးထားတဲ့ ဒီစာအုပ်ဟာ နိုင်ငံရေးစာအုပ်၊ ဘာသာရေးစာအုပ်လဲဖြစ်သလို ဆရာမ မသီတာရဲ့အတ္ထုပ္ပတ္တိလည်း ဖြစ်နေပြန်တင်၊ ဒါတင်မကဘူး...ရသစာပေ တစ်အုပ်လည်း ဖြစ်ပါတယ်။ ဆရာဝန်၊စာရေးဆရာမ၊ နိုင်ငံရေးသမား တစ်ယောက်အကြောင်း။ ဒီစာအုပ်ထဲမှာ နဝတခေတ်က ထောင်သားတွေရဲ့ ဘဝကိုလည်း မြင်ရမယ်၊ ၈၈အရေးခင်း အကြောင်း၊ နိုင်ငံရေးအကြောင်းကိုလည်း အစ ဆွဲမိမယ်၊ ဓမ္မအကြောင်းကိုလည်း ဆရာမရေးသလောက် မြင်ခဲ့ရမယ်၊ ပြီးတော့ ဆရာမ မသီတာဟာ ဘယ်လို အတုယူသင့်တဲ့ လူဆိုတာကိုတော့ ဘွင်းဘွင်းကြီး မြင်တွေ့ရမှာပဲ။
အမှန်တိုင်းဝန်ခံရရင် ဒီစာအုပ်က ကိုယ့်အပေါ်လွှမ်းမိုးမှု အတော်အသင့်ရှိပါတယ်၊ ဘယ်လိုလွှမ်းမိုးမှု ရှိလဲဆိုတာတော့ ထည့်မရေးပြတော့ပါဘူး။
စာစဖတ်တဲ့ သူတွေကိုရော၊ စာဖတ်နေကျ လူတွေကိုရော မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်၊စာအုပ်က စာမျက်နှာ ၄၀၀လောက်ထူပြီး၊ စာအုပ်က ၅၀၀၀ပါ၊ ငါတို့စာပေတိုက်ကထုတ်တာပါ။ သိပ်စိတ်ကျေနပ်စရာကောင်းတာက စာလုံးပေါင်းအမှား တစ်လုံးမှမရှိ(မတွေ့)၊ ပုဒ်ဖြတ်၊ ပုဒ်ရပ် ကအစ သေသေချာချာ စိစစ်ထားတာပါပဲ။ စာအုပ်ကောင်းတစ်အုပ်မလို့ ဝယ်သိမ်းပြီး အထပ်ထပ်ဖတ်သင့်တယ်လို့တော့ ကိုယ်ကထင်တာပါပဲ။
Comments
Post a Comment