ခရုပစ်လောင်ချာ
ကဗျာ ကော်နာ {Saturday Special 💫}
ခရုပစ်လောင်ချာစာအုပ်ထဲက ဖတ်ပြီးသမျှ ကဗျာတိုင်း၊ တစ်ပုဒ်ချင်းစီကို ကြိုက်နှစ်သက်ပေမယ့် သင့်တော်မယ်ထင်တဲ့ တစ်ပုဒ်ကိုပဲ ရွေးချယ်ထည့်ပေးလိုက်ပါတယ်။
စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ
တစ်ချပ်ပြီး တစ်ချပ် အထပ်ထပ် မတ်တပ်ရပ်နေကြ
ချပ်ချပ် ချပ်ချပ်နဲ့ ပြားချပ်ချပ် အသံတွေ
အဲဒီအသံတွေဟာ ကတိကဝတ်တွေနဲ့ သံတမန်ခင်းလိုက်
ဖြည်းဖြည်း ခြေဖျားထောက်ပြီး ကိုယ်ယောင်ဖျောက်လိုက်
အချိန်နဲ့တစ်ပြေးညီ ဒေါင်လိုက်ရွေ့လျား ပြေးလွှားလိုက်
ဒီတံခါးကနေ လိရိကဟာ အမေရိကကို တွန်းဖွင့်ခဲ့
ဒီတံခါးနောက်မှာ မော်ဒန်နတီဟာ အိုင်ဒန်ဒတီ မထင်ရှား ပုန်းအောင်းခဲ့
ဒီတံခါးထဲက ကလောင်သွားဟာ ဓားသွားကို ဖြတ်ကျော်ခဲ့
ဒီတံခါးပေါ် မေတ္တာတွေ ထွင်းထုထား
ဒီတံခါးကို သစ္စာဟာ ဖောက်ထွက်သွား
မွန်းစတား လိုက်ရှာခဲ့တာ ကလေးငယ် ဘူး ရဲ့ တံခါး
သတ္တမမြောက် တစ္စေကြီးလမှာ ဝိညာဉ်တွေကို ဖွင့်ပေးလိုက်တဲ့ ငရဲတံခါး
တံခါးတစ်ချပ်ဟာ ခါးကြားမှာ ခါးထစ်ခွင်ခံထားရတယ်
ဆူးကြားမှာ ခါးခါးသီးသီး သီးနေတဲ့ တံခါးတွေ ရှိတယ်
အစိတ်စိတ် အမြွှာမြွှာ လွင့်စဉ်ပျက်ကျသွားခဲ့သော တံခါးများ
သော့ခလောက်ကြီး ဟီးလေးခိုနေသော တံခါးများ
ဆုကြေးတစ်ဝက်နဲ့ လာဘ်ထိုးခံလိုက်ရသော တံခါးများ
အခင်းအကျင်းသစ်ကို မျက်ခြည်ပြတ် ကျန်ခဲ့သောဝတံခါးများ
မကြာမီ မျိုးရိုးဗီဇ တိမ်ကော ပျောက်ကွယ်သွားတော့မည့်တံခါးများ
တံခါးရောင်စုံ ဖြူဖြူပြာပြာ ညိုညိုညက်ညက်
ရွေးလိုက်ပါ အနီလား အဝါလား နီးနီးလား ဝါးဝါးလား
လက်သန်းဖျားနဲ့ ပါးပါးလေး တွန်းဖွင့်လိုက်။
မှ/ ပန်ဒိုရာ၏ ခရုပစ်လောက်ချာ
A/N : အမှန်တိုင်းဝန်ခံရရင်...ကိုယ်ကဗျာမဖတ်တတ်ပါ၊ မခံစားတတ်ပါ။ ဒါပေတဲ့ ခရုပစ်လောင်ချာထဲက ကဗျာတစ်ပုဒ်တိုင်းစီကို အနည်းဆုံး သုံးခေါက်လောက်ဖတ်ခဲ့ရပြီး တစ်ခေါက်ဖတ်ပြီးလိုက်တိုင်း အတွေးတစ်စ ပိုပိုရလာသည်ကိုပဲ သိပါသည်။
Comments
Post a Comment